မန္တလေး နိုဝင်ဘာလ (၁၆)ရက်
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၁၆)ရက်နေ့၊ မြန်မာစံတော်ချိန် နံနက်(၁၀:၀၀)နာရီမှ နေ့လယ် (၁၂း၃၀)နာရီအထိ အစိုးရစက်မှုလက်မှု သိပ္ပံ (မန္တလေး)တွင် (၂၀၂၁-၂၀၂၂) ဘဏ္ဍာရေးနှစ်အတွက် တည်ဆောက်ရေးလုပ်ငန်းများ၊ ပြင်/ထိန်းလုပ်ငန်းများ စသည်တို့အတွက် လိုအပ်ချက်စာရင်းကို ဦးစားပေး အတည်ပြုပေးနိုင်ရေးနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးပွဲ အား ကျောင်းရှိ အစည်းအဝေးခန်းမတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ Novel Corona Virus Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မြန်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီး ဒေါက်တာကျော်ကျော်မြင့်၊ အစိုးရစက်မှုလက်မှု သိပ္ပံ (မန္တလေး)က ဆွေးနွေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသူရိန်လင်းမှလည်း နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကျောင်းအုပ်ဆရာကြီး ဒေါက်တာကျော်ကျော်မြင့်က (၂၀၂၁-၂၀၂၂) ဘဏ္ဍာရေးနှစ်အတွက် တည်ဆောက်ရေးလုပ်ငန်းများ၊ ပြင်/ထိန်းလုပ်ငန်းများ လိုအပ်ချက်လျာထားစာရင်းကို လွတ်လပ်စွာ အကြံပြု ဆွေးနွေးနိုင်ရေး ရှင်းလင်းပြောကြားခဲ့ပါသည်။ တင်ပြချက်များနှင့်ပတ်သက်၍ တက်ရောက်လာသူများ အားလုံးက သုံးသပ်ဆွေးနွေးခြင်းများ၊ ဦးစားပေး အတည်ပြုခြင်းများအား ပွင့်လင်းမြင်သာရှိစွာဖြင့် ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ကြပါသည်။ ယင်းနောက် အစိုးရစက်မှု လက်မှုသိပ္ပံ(မန္တလေး)ကျောင်းအုပ်ဆရာကြီးဒေါက်တာကျော်ကျော်မြင့်က နိဂုံးချုပ်အမှာစကား ပြောကြားကာ နေ့လည် (၁၂း၃၀)နာရီတွင် ညှိနှိုင်းဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်ပါသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသူရိန်လင်း၊ အစိုးရစက်မှုလက်မှု သိပ္ပံ (မန္တလေး)မှ ကျောင်းအုပ်ဆရာကြီး၊ ဒုတိယ ကျောင်းအုပ်ကြီး၊ စီမံ/ဘဏ္ဍာဌာနမှူး၊ သက်ဆိုင်ရာ ဌာနမှူးများ၊ ဆရာ/ဆရာမ ကိုယ်စားလှယ်များ၊ ရုံးအဖွဲ့မှ တာဝန်ရှိသူများ နှင့် အစိုးရစက်မှုလက်မှု သိပ္ပံ(မန္တလေး) ကျောင်းသားသမဂ္ဂအဖွဲ့ ကိုယ်စားလှယ်များ စုစုပေါင်း (၂၀)ဦးတက်ရောက်ခဲ့ကြပါသည်။