မန္တလေး၊ နိုဝင်ဘာလ (၂၄)ရက်
၁၃၈၂ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၁၀)ရက်၊ ခရစ်နှစ် ၂၀၂၀ခုနှစ်၊ နိုဝင်ဘာလ(၂၄ရက်) နံနက် ၉း၃၀ နာရီတွင် ကထိန်သင်္ဃန်း ဆက်ကပ်ခြင်း အခမ်းအနားကို မန္တလေးမြို့၊ နန်းဦးတိုက်၊ သီတာအေးအုဌ်ကျောင်း၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ Novel Corona Virus Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မြန်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပရာ အစိုးရစက်မှုလက်မှုသိပ္ပံ(မန္တလေး)မှ ကျောင်းအုပ်ဆရာကြီး ဒေါက်တာကျော်ကျော်မြင့်၊ ဒုတိယ ကျောင်းအုပ်ကြီး၊ စီမံ/ဘဏ္ဍာဌာနမှူး၊ သက်ဆိုင်ရာ ဌာနမှူးများ ၊ ဆရာ/ဆရာမများ နှင့် ဝန်ထမ်းများ တက်ရောက်၍ ကထိန်သင်္ဃန်းဆက်ကပ် လှူဒါန်းခဲ့ကြပါသည်။
အခမ်းအနားကို နမောတဿ (၃)ကြိမ် ရွတ်ဆို ဘုရားကန်တော့ပြီး နန်းဦးတိုက်ဆရာတော် ထံမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာ/ဆရာမများ နှင့်ဝန်ထမ်းများ က ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပါသည်။ ယင်းနောက် ဆရာတော်က မေတ္တာသုတ် ပရိတ်တရားတော်များဟောကြားတော်မူခဲ့ပြီး ဆရာကြီး၊ ဆရာမကြီးများနှင့် အလုပ်အမှုဆောင်များက ကထိန်ညှပ်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။
ယင်းနောက် တက်ရောက်လာကြသည့်ဧည့်ပရိသတ်များက ဆရာတော်ထံမှ အနုမောဒနာတရား နာကြားခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဌတု (၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။